Thursday, May 12, 2011

အိမ်ပြန်ညလမ်း

ကားတွေက
ငါ့ကို ကျော်တက်သွားကြတယ်
လ, မရှိပါ
ကုန်းပေါ်တက်ပြီးရင်
ကုန်းပေါ်ကနေ ဆင်းရတယ် (ဘ၀လား)။

လွန်ခဲ့တဲ့ ရက်သတ္တပတ်ကို သတိရတယ်
လမ်းတစ်ဖက်က အပြုံး
လက်ယက်တွင်းလေးဆီ
ငါ့အချစ်တွေ ပုံပေးခဲ့တဲ့
လွန်ခဲ့တဲ့ ရက်သတ္တပတ်ဆီကိုပေါ့ ။

ငါက
အခု လမ်းတစ်ဖက်မှာပါပဲ
ရေဒီယိုဖွင့် နားထောင်တယ်
စာအုပ်ကောင်းတွေ ရှာဖတ်တယ်
အလကားပဲ
ဘာတစ်ခုမှ ခေါင်းထဲမရောက်ခဲ့ဘူး
သြော် ..
ငါ့သွေးကြောပေါ် တရွရွ
မင်းနာမည်။

ကားတွေက
ငါ့ကို ကျော်တက်သွားကြတယ်
ခွေးလေ ခွေးလွင့်တွေပဲ နားအေးတယ်
တွေ့ရာအိပ် တွေ့ရာစား
လမ်းတကာ လှည့်လည်ပြီး
ရိုးသားသူတွေကို ထိုးထိုးဟောင်လို့ ။

ငါ့သူငယ်ချင်းတွေကို လွမ်းတယ်
ဒီလမ်းမပေါ်
သူတို့ လျှောက်ခဲ့ဖူးကြတာပေါ့
ဆံပင်ရှည်တွေ တလွှားလွှားနဲ့
ဂျင်းဘောင်းဘီတွေနဲ့
မူးအောင်သောက်ပစ်လိုက်တဲ့ ညတွေနဲ့
သူတို့ဘဝ
သူတို့ ညနေတွေလည်း
ပုရွက်ဆိတ် အကိုက်ခံရတဲ့ နှုတ်ခမ်းတွေလို
ယောင်ကိုင်းတင်းမာ ခံရခက်မှုတွေနဲ့ ။

ကားတွက
ငါ့ကို ကျော်တက်သွားကြရဲ့
အိပ်ငိုက်နေတဲ့ အလင်းဆိုင်လေးကို
ငါ ဖြတ်ခဲ့တယ်
တိတ်ဆိတ်ညဟာ
ဘာကို ဆာလောင်နေတာလဲ
ငါ့ခြေထောက်တွေဟာ လေးလံလို့။
သီချင်းသံ ကြားရတယ်
သီချင်းသံ မအိပ်သေးပါ
သီချင်းသံ လမ်းလျှောက်နေတယ်။

တဒုတ်ဒုတ်နဲ့
ဗြောင်းဆန်နေတဲ့ ထော်လာဂျီတစ်စီးက
ညကို ကိုင်ဆောင့် ထွက်ပြေးလို့။
လမ်းပေါ်မှာ
အမှောင်ကို တစ်ထပ်ပြီးတစ်ထပ်
ငါ တိုးဝင်လို့
အမှောာင်ဟာ တစ်ထပ်ပြီးတစ်ထပ်။

ရှေ့ကိုက် ၁၀၀ မှာ
ရထားသံလမ်းဂိတ်ရှိတယ်။
ရထားက ငါ့ကို ဖြတ်သွားတာပဲ
ငါ့ရှေ့ ရထားပေါ်ကလူတွေဟာ
ဆွစ်ဇာလန်ကို သွားကြမှာလား
ရထားလွန်သွားတော့
အချက်ပေးခေါင်းလောင်းသံဟာ မြည်ဆဲ
ညဟာ မြည်ဆဲ ။

“ယုံကြည်မှု ဆိုတာ
လှမ်းခေါ်လည်း အချည်းအနှီး ဖြစ်တတ်တယ်”။
“အချစ်ဆိုတာ
မီးခိုးထွက်တဲ့ စက်တပ်ယာဉ်ပဲ” ။
အဲသလို ငါတွေးပစ်လိုက်တဲ့ ညပေါ့ ။
“နာကျင်ညနေလမ်း” ကဗျာကို
စိတ်ကျကျနဲ့ ရေးဖြစ်မယ့် ညပေါ့ ။

ကားတွေက
ငါ့ကို ကျော်တက်သွားကြတယ်
ညဟာ အေးစက်တောင့်တင်းနေဆဲ
လူသေကောင်လို ။
ငါ့စိတ်ကူးတွေ
ယောင်းဝါးဝါးညထဲ
လိမ့်ကျနေခဲ့တာ ကြာပေါ့ ။
ပျော်ရွှင်ဖို့ဆိုတာကို
ငါရပ်တန့်နေမိခဲ့တာ ကြာပေါ့။
ငါ လွတ်နေတယ်
ငါ သွားရင်း သွားရင်း ရပ်တန့်နေတယ် ။

အလုပ်သမားတွေ
ကိုယ့်အသက်ကို မြဲမြဲကိုင်ပြီး
မောပန်းတကြီး အိမ်ပြန်လာကြသလို
ငါ့ အိမ်ကို ပြန်လာခဲ့တယ်။
လမ်းပေါ်မှာ
အမှောင်ကို တစ်ထပ်ပြီး တစ်ထပ်
ငါတိုးဝင်လို့
အမှောင်ဟာ တစ်ထပ်ပြီး တစ်ထပ် ။ ။

အောင်နှင်းသစ်

No comments:

Post a Comment