Tuesday, May 17, 2011

နှင်းဆီ

မှောင်ရိပ်မပြယ်သေး
ရောင်နီမဆင်သေး။
မွှေးမွှေးရီရီ
နီနီစွေးစွေး
အမရီတာ* နှင်းဆီ
ဒို့ခြံထဲမှာ ပွင့်နေပြီ။

အမရီတာ-Amarita
အိုအောင်
၁၄၊၅၊၂၀၁၁

အင်ကြင်းအေး

မင်းလေးကိုသိပ်သတိရ၊ ဒိုရေမီဖာဆိုလာတီဒို
စဉ်းစား အရှည်ကြီးတွေး၊ ခဏလေးဆွေးရင်း
တာချီလိတ် တာလေ၊ ဖူကူရှီးမား
ဗိုလ်ကြူးနဲ့ ပို့စ်ခေတ်ပေါ်၊ အဲဒီမှာရှော့ခ်ရှိတယ်
နေရဲမာန်သင်္ကြန်တွေ၊ လမ်းဆုံက ဂျမ်းဘုံ
ဘီးဂျဲနဲ့ပြဿနာ၊ စာသားအပြင်ဘက်မှာ ဘာမှ မရှိ
မေးမနေနဲ့ဘိုသိန်းရဲ့၊ လိုင်းတွေဘီးဇီးဖြစ်
ဆိုတော့ နူတ်ခမ်းနာနဲ့တည့်ပါ့မလား၊ ဇာတ်လမ်းက မသန်း
အစွန်းနှစ်ဖက်ကြားလမ်းထွင်လျှောက်၊ ပိုကောင်းမယ့်မနက်ဖြန်
ကဒါဖီကိုဖယ်ရှားရန်ကြိုးပမ်း၊ ဟန်တင်တန်ရဲ့အလိုအရ
မတူတာလေးတွေပေါ့ ကိုဇော်ဝင်းလှိုင်၊ ငါတို့နဲ့ ဝိဒူရ ဒုက္ခ
ဒီ့ထက်နှောင်းသွားရင် ပါးဟပ်ညိုလို့၊ ခက်နေပြီ ကိုရွှေ
လူမှန်နေရာမှန်၊ အလုပ်က အိုက်တိုးပဂေးဆန်
ပါးပါးလေးပါလား ဘဝက၊ အာရပ်ကမ္ဘာဆီ သွားစို့
ဒို့လူလေးများဆိုသလေးနဲ့ပါလီမန်၊ ဘာလုပ်ခဲ့တယ်ဆိုတာပဲအရေးပါ
တက္ကနိတွေလွှင့်ပစ်မိလို့၊ပင်လယ်မဲ့မဲ့နေ့များ
အရေးထဲကွန်နက်ရှင်မကောင်း၊ ဟိုတုန်းကလောက်မပျော်ပါ
အင်ကြင်းအေး။


အိုအောင်
၃၀၊၄၊၂၀၁၁

Thursday, May 12, 2011

အက်ဒီမာဖီကို သတိရ

‘အလကား ငေါင်နေမယ့်အစား
ရယ်နေတာ မကောင်းဘူးလား’
အဲဒီငှက်ပျောခွံကိုမှ
ငါ တက်နင်းမိတယ်။
ဟုတ်ပါတယ်
ငါ ငေါင်နေတာ
ဟုတ်ပါတယ်
ငါငူနေတာ။
ဟုတ်ပါတယ်
ဟောဒီမှာ ၀ါးလုံးကွဲရယ်စရာ
ဟောဒီမှာ ဟာသလက်ရွေးစင်။
ရယ်စရာတွေမှ ကားတစ်စီးတိုက်
ရယ်စရာတွေမှ အဆုပ်လိုက်၊ အခိုင်လိုက်။
ဟုတ်ပါတယ်
ငါရယ်ဖို့ခက်နေရဲ့
ငါရယ်ဖို့မေ့နေရဲ့။
နေပါဦး
ငါတို့နေ့တွေက ရယ်စရာကောင်းလို့လား
ငါတို့နှစ်တွေကရော ရယ်စရာ ဖြစ်လို့လား။
နေပါဦး
ငါ ဘယ်လိုရယ်ရမလဲ
အက်ဒီ။


အိုအောင်

အိမ်ပြန်ညလမ်း

ကားတွေက
ငါ့ကို ကျော်တက်သွားကြတယ်
လ, မရှိပါ
ကုန်းပေါ်တက်ပြီးရင်
ကုန်းပေါ်ကနေ ဆင်းရတယ် (ဘ၀လား)။

လွန်ခဲ့တဲ့ ရက်သတ္တပတ်ကို သတိရတယ်
လမ်းတစ်ဖက်က အပြုံး
လက်ယက်တွင်းလေးဆီ
ငါ့အချစ်တွေ ပုံပေးခဲ့တဲ့
လွန်ခဲ့တဲ့ ရက်သတ္တပတ်ဆီကိုပေါ့ ။

ငါက
အခု လမ်းတစ်ဖက်မှာပါပဲ
ရေဒီယိုဖွင့် နားထောင်တယ်
စာအုပ်ကောင်းတွေ ရှာဖတ်တယ်
အလကားပဲ
ဘာတစ်ခုမှ ခေါင်းထဲမရောက်ခဲ့ဘူး
သြော် ..
ငါ့သွေးကြောပေါ် တရွရွ
မင်းနာမည်။

ကားတွေက
ငါ့ကို ကျော်တက်သွားကြတယ်
ခွေးလေ ခွေးလွင့်တွေပဲ နားအေးတယ်
တွေ့ရာအိပ် တွေ့ရာစား
လမ်းတကာ လှည့်လည်ပြီး
ရိုးသားသူတွေကို ထိုးထိုးဟောင်လို့ ။

ငါ့သူငယ်ချင်းတွေကို လွမ်းတယ်
ဒီလမ်းမပေါ်
သူတို့ လျှောက်ခဲ့ဖူးကြတာပေါ့
ဆံပင်ရှည်တွေ တလွှားလွှားနဲ့
ဂျင်းဘောင်းဘီတွေနဲ့
မူးအောင်သောက်ပစ်လိုက်တဲ့ ညတွေနဲ့
သူတို့ဘဝ
သူတို့ ညနေတွေလည်း
ပုရွက်ဆိတ် အကိုက်ခံရတဲ့ နှုတ်ခမ်းတွေလို
ယောင်ကိုင်းတင်းမာ ခံရခက်မှုတွေနဲ့ ။

ကားတွက
ငါ့ကို ကျော်တက်သွားကြရဲ့
အိပ်ငိုက်နေတဲ့ အလင်းဆိုင်လေးကို
ငါ ဖြတ်ခဲ့တယ်
တိတ်ဆိတ်ညဟာ
ဘာကို ဆာလောင်နေတာလဲ
ငါ့ခြေထောက်တွေဟာ လေးလံလို့။
သီချင်းသံ ကြားရတယ်
သီချင်းသံ မအိပ်သေးပါ
သီချင်းသံ လမ်းလျှောက်နေတယ်။

တဒုတ်ဒုတ်နဲ့
ဗြောင်းဆန်နေတဲ့ ထော်လာဂျီတစ်စီးက
ညကို ကိုင်ဆောင့် ထွက်ပြေးလို့။
လမ်းပေါ်မှာ
အမှောင်ကို တစ်ထပ်ပြီးတစ်ထပ်
ငါ တိုးဝင်လို့
အမှောာင်ဟာ တစ်ထပ်ပြီးတစ်ထပ်။

ရှေ့ကိုက် ၁၀၀ မှာ
ရထားသံလမ်းဂိတ်ရှိတယ်။
ရထားက ငါ့ကို ဖြတ်သွားတာပဲ
ငါ့ရှေ့ ရထားပေါ်ကလူတွေဟာ
ဆွစ်ဇာလန်ကို သွားကြမှာလား
ရထားလွန်သွားတော့
အချက်ပေးခေါင်းလောင်းသံဟာ မြည်ဆဲ
ညဟာ မြည်ဆဲ ။

“ယုံကြည်မှု ဆိုတာ
လှမ်းခေါ်လည်း အချည်းအနှီး ဖြစ်တတ်တယ်”။
“အချစ်ဆိုတာ
မီးခိုးထွက်တဲ့ စက်တပ်ယာဉ်ပဲ” ။
အဲသလို ငါတွေးပစ်လိုက်တဲ့ ညပေါ့ ။
“နာကျင်ညနေလမ်း” ကဗျာကို
စိတ်ကျကျနဲ့ ရေးဖြစ်မယ့် ညပေါ့ ။

ကားတွေက
ငါ့ကို ကျော်တက်သွားကြတယ်
ညဟာ အေးစက်တောင့်တင်းနေဆဲ
လူသေကောင်လို ။
ငါ့စိတ်ကူးတွေ
ယောင်းဝါးဝါးညထဲ
လိမ့်ကျနေခဲ့တာ ကြာပေါ့ ။
ပျော်ရွှင်ဖို့ဆိုတာကို
ငါရပ်တန့်နေမိခဲ့တာ ကြာပေါ့။
ငါ လွတ်နေတယ်
ငါ သွားရင်း သွားရင်း ရပ်တန့်နေတယ် ။

အလုပ်သမားတွေ
ကိုယ့်အသက်ကို မြဲမြဲကိုင်ပြီး
မောပန်းတကြီး အိမ်ပြန်လာကြသလို
ငါ့ အိမ်ကို ပြန်လာခဲ့တယ်။
လမ်းပေါ်မှာ
အမှောင်ကို တစ်ထပ်ပြီး တစ်ထပ်
ငါတိုးဝင်လို့
အမှောင်ဟာ တစ်ထပ်ပြီး တစ်ထပ် ။ ။

အောင်နှင်းသစ်

မိအေးအကြောင်း

ပါးစပ်ထဲဝါးစရာရှိရင်
တိမ်တွေပြာနေလိမ်.မယ် ။

အခုလိုနားဆင်နေရတာ
(ခွေးတံဆိပ်)
ဓါတ်ပြားခောတ်ကို သွားသတိရမိစေတယ် ။

မှတ်စုစာအုပ်ကို ဖွင်.ကြည်.တော.
သင်္ဘောဟာ
သောင်တင်ဆဲ ။

ရယ်စရာ
မောစရာတွေ
ဟောဒီငြောင်.ကျင်းမှာ
ဘယ်လိုနည်းနဲ.ကျောခင်းရကောင်းမှာလဲ ။

စာရွက်ပေါ်က မေးခွန်းပေါ.
" ဒီနွေဟာ
ခြင်းကြားနဲ.ရေသယ်လာတဲ.နွေပဲလား "


အိုအောင်

မုဆိုးမရင်ထဲက..မြစ်

ညနေခင်းထဲ
ကလေးငိုသံ ထမင်းရည်သွန်ချ
ဖွာရရာ ဆံနွယ်ပေါ်
ပန်းပွင့်မဲ့ တွန့်ကြေကြေစိတ်ကူး
အထီးကျန် အိပ်ရာဝင်ခြင်းညများနဲ့
တစ်ရေးနိုး အမှောင်ထဲမျက်ရည်ရွှဲ
သဲ့သဲ့ရှိုက်သံနဲ့ ညကိုထိုင်ကြည့်နေတော့တယ်
တဖြည်းဖြည်း
အလှဆုတ်ယုတ်လာတဲ့ သနပ်ခါးမဲ့ပါးပြင်ပေါ်
ရင်ထဲက ငယ်ချစ်လေ
အလွမ်းမြစ်ကလေးပေါ့ ။

အောင်နှင်းသစ်

ဇွန်လ

သွားကိုက်နေတဲ့ ဇွန်လ
လူလိုသူလိုနေချင်ရှာတဲ့
ဇွန်လပေါ့။
ဇွန်လက
သဲနဲ့ရှပ်ရှပ် မနက်ခင်းတွေရောင်းပြီး
သန်းခေါင်ထက်နက်တဲ့
ညတွေပြန်ဝယ်တယ်။
ဇွန်လက
ခါးမလှရင်လည်း နေပါစေတဲ့။
အင်မတန်
စကားကြွယ်တဲ့ဇွန်လဟာ
အခုတော့ အ,ချင်ယောင်ဆောင်နေရဲ့။


အိုအောင်

ပိတောက်ပွင့်သစ်
အမှတ် (၃၄)၊ စက်တင်ဘာလ၊ ၂၀၁၀